Sunday, May 6, 2012

ကျောင်းပုံပြင် (၁) အရွေ့ (အက်ဆေး)

ပညာရေး အလွန်အမင်း အရေးကြီးနေပြီဟူ၍ တိုက်တိုက်တွန်းတွန်း ပြောဆိုသံများကိုခပ်စိပ်စိပ်၊ခပ်ကျယ်ကျယ်ဖြင့် ကျနော်တို့ ပိုမို ကြားသိနေရခြင်းမှာ မင်္ဂလာတစ်ပါးဟု ထင်မြင်မိပါသည်။ နိုင်ငံရေးသမားများ၊ ပညာရှင်များ၊ အစိုးရအဖွဲ့ဝင်များ၊ အက်တီးဗစ်များနှင့် လူမှုစီးပွားဖွံ့ဖြိုးရေး လုပ်ကိုင်နေသူ အသီးသီးထံမှ ကြားနေရခြင်းဖြစ်ပါ၏။


မိန့်ခွန်းတိုင်းတွင် ပညာရေးအကြောင်း မပါမဖြစ် ထည့်ပြော နေကြသည်။ ပွင့်လင်းစပြုလာသည့် မြန်မာ့မီဒီယာများ၊ ဂျာနယ်များတွင်လည်း ပညာရေးနှင့် ပတ်သက်သော သတင်းများ၊ ဆောင်းပါးများ၊ ဝေဖန်သုံးသပ်ချက်များ၊ စာတမ်းများ၊ နိုင်ငံတကာ ပညာရေး မိတ်ဆက်ကဏ္ဍများဖြင့် ဝေေ၀ဆာဆာ ဖေါ်ပြလာကြသည်။ ပညာရေးကဏ္ဍ အချပ်ပိုဖြင့်လည်း ထည့်သွင်းကြပါသေးသည်။

အင်မတန်မှ အရေးတကြီး လိုအပ်ချက် ကွက်လပ်ကို တတ်စွမ်းသမျှ ဖြည့်ဆည်း နေကြသည်ဟု ခံစားမိသည်။ စိုးရိမ်မှုများကို ကြားသိရခြင်းကပင် ၀မ်းသာစရာ ဖြစ်လို့နေပါသည်။ ကျနော်တို့ များစွာ နောက်ကျနေပါပြီလား။ သို့တည်းမဟုတ် ကျနော်တို့ မည်သည့်နေရာကစလို့ ပြင်ကြရပါမည်လဲ။ အရည်အသွေးနှင့် အရေအတွက် ပညာရေး ပြဿနာ ၂ ရပ်စလုံးကို ထိပ်တိုက် ရင်ဆိုင်ရဲဖို့တော့ လိုပါသည်။ အဝေးတွင် ကျန်ရစ်တော့မည့် မနေ့ကများအပေါ် လွမ်းသနေရုံ၊ အပြစ်ဖို့နေရုံမျှနှင့်တော့လည်း အဖြစ်ရှိလာမည်မဟုတ်ပါ။ အခြားသော အရင်းအမြစ်များနှင့်အတူ မနက်ဖြန်တို့ သန့်စင်လတ်ဆတ်စွာ ရှိနေပါသေးသည်။ အပြောကျယ်ပြန့်လှသော ပညာရေးနှင့် ကျောင်းတော်ကို ဘယ်လို ပုံဖေါ်ကြမှာလဲ။ ခေတ်ကတော့ဖြင့် ရွေ့နေပါလေပြီ။
******
ကျောင်းပုံပြင်မှာမူ မရိုးနိုင်သေးပါ။
ကျောင်းဝတ်စုံ လဲဝတ်သည်။ ဖတ်စာအုပ်များအပြည့် လွယ်အိတ်၊ ထမင်းဘူး ကိုင်ချီလျက် အိမ်မှ ထွက်လာသည်။ အစုအစုဖြင့် ကျောင်းသို့ လာကြမည်။ နံနက်ခင်း အလံတိုင်ရှေ့ စုရုံးကြသည်။ကျောင်းအုပ်ကြီးက ဆုံးမစကားပြောမည်။ကျောင်းတက် ခေါင်းလောင်းသံနှင့်အတူ အတန်းသို့ ၀င်သည်။ စာအံ၊စာရွတ်ကြသည်။ သူငယ်ချင်းများနှင့် အခင်အမင်မပျက် ရန်ဖြစ်ကောင်း ဖြစ်မည်။ ရံခါ အနိုင်လုချင်သည်။ဆရာမ၏ မျက်စောင်းတွင် နီတိသဘောတရားကို လေ့လာဖြစ်ခဲ့ကြပါသည်။ကျောက်သင်ပုန်းပေါ်မှ ကူးရေးကြမည်။အချိန်ပြောင်း ခေါင်းလောင်းသံနှင့်အတူ ဘာသာရပ်ပြဆရာတို့ အလှည့်ကျ ၀င်လာကြမည်။ ကစားကြသည်။ နားကြသည်။ ကျောင်းဆင်းပြီ။အိမ်ပြန်ကြသည်။ အိမ်စာလုပ်မည်။ စာမေးပွဲများလည်းဖြေဆိုကြသည်
အင်မတန်မှ ရိုးစင်းလှသော ကျောင်းပုံပြင်တစ်ပုဒ်ဟု ဆိုရပါမည်လား။ မြန်မာကျောင်းသား အားလုံးနှင့်လည်း သက်ဆိုင်ခဲ့ပါသည်။အားလုံး ရ၊ မရ ကတော့ မသေချာခဲ့ပါ။ သို့သော် အားလုံး တော်ခဲ့ကြပါသည်။
သို့နှင့် အချိန်နာရီများ၊ နေ့ရက်များ၊ လများကို ကျော်လွှားလာကြသည်။ သူငယ်တန်း ပထမဆုံးနေ့မှသည် အထက်တန်း နောက်ဆုံးနေ့အထိ ဤပညာခရီးကား ပုံစံများစွာ မပြောင်းလဲသေးပါ။ ကျောင်းလွန် သက်မွေး၊ ကောလိပ်နှင့် တက္ကသိုလ် ပညာရေးမှာလည်း များစွာ ပုံစံမယွင်းသေးပါ။ စံလွဲနေသည့် ယှဉ်ပြိုင်မှုများ၊ အောင်လက်မှတ်နှင့် ရမှတ်၊ ဂုဏ်ထူး ၀ယ်ယူခြင်း အလေ့တို့ မြန်မာ့ပညာရေးတွင် အမြစ်တွယ် နေသည်မှာ ခေတ်ဟောင်း၏ ဆိုးမွေဟု ခေါ်ရမည်ဖြစ်ပါ၏။ အမြစ် တွယ်နေသည့် အတွက် ခပ်နက်နက်တူးဆွ၊ ထုတ်ပယ်ပစ်ဖိုတော့ လိုပါလိမ့်မည်။ ပညာရေး ပြောင်းလဲရမည်ဟု ကြွေးကြော်သံတို့တွင် စံနှုန်း အသစ်များကို လိုချင်နေကြောင်း ခံစားမိသည်။ အရွေ့တိုင်းတွင် တန်ဖိုးထား၍ ထမ်းပိုး သယ်ယူသွားရမည့် အရာများအပြင် ၀မ်းမြောက်ဝမ်းသာစွာ ချန်ထားပစ်ရမည့် အရာများလည်း ရှိနေသည်ဟု ယုံကြည်နေမိသည်။
ဒစ်ဂျစ်တယ် ပညာရေး ကြွေးကြော်သံများ၊ ဟုမ်းစကူးလင်း လေ့ကျင့်မှုများ၊ အွန်လိုင်းပညာရေး နိဒါန်းကာလများ၊ ကျောက်သင်ပုန်းနှင့် ကျောက်တံနေရာတွင် တဘ်လပ်များ၊ တခ်ျစခရင်များ၊ အင်းစတန့် မက်ဆေ့ခ်ျများ၊ အသိပညာခေတ် လူ့အဖွဲ့အစည်း၊ အသိပညာစီးပွားရေးဟူ၍ ကြားနေရသော်လည်း ကျောင်းမှာ ပုံစံ (လုံးဝ) မပျက်ယွင်းသေးပါ။ ကျွန်တော်တို့ ဆီမှာတော့ ပိုလို့တောင် တည်ငြိမ်နေပါသေးသည်။ သို့နှင့် ကျောင်း၏ နိဒါန်းကာလများကို ကျနော် ပြန်သွားနေမိသည်။ ခေတ်များ၊ လူများ၊ သမိုင်းများကို တူးဆွကြည့်ချင်သည်။ အရွေ့ကို စေ့ငု စောကြောကြည့်ချင်သည်။ ခေတ်များ၊ လူများ ရွေ့နေသော်လည်း မြန်မာစာသင်ကျောင်း၏ ခေါင်းလောင်းသံမှာ နရီမှန်နေဆဲ။
*****
ညက မိုးရွာထားသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းလန်းလို့နေပါသည်။ တောင်ခြေတွင် တည်ရှိသည့် စာသင်ကျောင်း ၀န်းကျင်မှာလည်း ရောင်စုံသက်တန့်တစ်ခု ရှိလို့နေသည်။ မိုးကုပ်စက်ဝိုင်းသို့ ထိုးဝင်နေသယောင်ရှိပုံက အလွန်ကြည့်လို့ ကောင်းလှသည်။ ထိမနေသော်ငြားလည်း ၀န်းကျင်အလှကို အားဖြည့်နေကြသည်မဟုတ်ပါလား။ နေခြည်နုနှင့်အတူ ရွက်သစ်များ လန်းဆန်းစွာ တိုးထွက်လို့ လာနေလေသည်။ ပင်ပျိုတို့လည်း ၀င့်ကြွားလျက်။ ပင်အိုတို့လည်း တာဝန်ကျေလျက် အားဖြည့်နေဆဲ။ မိုးနှင့် နေခြည်ကား သူတို့အတွက် အချက်ပြ ခေါင်းလောင်းသံပေလော။
မိုးတဖွဲဖွဲအကြား စာသင်ကျောင်း၏ ခေါင်းလောင်းထိုးသံတွင် တူညီဝတ်စုံများဖြင့် ပျားငယ်များပမာ အဖြူအစိမ်းတို့သည် အသိပညာ ဘဏ်တိုက်ငယ်များ အတွင်းသို့ တဖွဲဖွဲ ၀င်ရောက် နေကြသည်။ ခေတ်များ၊ စနစ်များ၊ လူများ၊ နေ့ရက်များ ပြောင်းလဲနေမည် ဖြစ်သော်လည်း ဤအစဉ်အလာမှာကား မပြောင်းလဲနိုင်သေးပါ။ ဤအချိန်အခါတွင် မြန်မာတစ်နိုင်ငံလုံးတွင် ကျောင်းတက် ခေါင်းလောင်းသံကို မြို့ရွာအနှံ့ ကြားနိုင်ပါသည်။ နယ်မြို့လေး၏ တစ်ခုတည်းသော ကျောင်း၏ အလယ်တန်း စာသင်ခန်း တံခါးဝမှနေပြီး ကျနော့် အတန်းသို့ ၀င်လာနေကြသည့် ကျောင်းသူ  ကျောင်းသားများကို ကျနော် ကြိုဆိုနေစဉ် နောက်ဆုံး ကျောင်းသားနှင့်အတူ ကျောင်းတက် ခေါင်းလောင်းသံ တိုးလျပျောက်ကွယ်သွားပါသည်။ သို့သော် ကျနော့်နားထဲသို့ ၁၈ ရာစုက ဂျိမ်းစ်ဝပ်၏ ပထမဆုံးသော အင်ဂျင်စက်သံ မြည်ဟိန်းလာခဲ့ပါသည်။
 ရေနွေးငွေ့အင်ဂျင်စက်က အချက်ပေးလိုက်သော ဥာဏ် အလင်း ခရီးရှည်နှင့်အတူ ၁၈ ရာစုနှောင်းပိုင်း လူသား၏ ကြိုးကုတ်မှုကြောင့် ဂျုံးဂျုံးဂျက်ဂျက် အသံနောက်တွင် မျက်မှောက်ခေတ် စာသင်ကျောင်း များ လူးလွန့် ရုန်းထ မွေးဖွားလာခဲ့ခြင်းပင် ဖြစ်ပါ၏။ပထမဆုံးသော ဘူတာရုံများသို့ အနက်ရောင် ယန္တရားရှည် တစ်စင်း၏ ကျယ်လောင်သော ကြွေးကြော်သံနှင့် ၀င်ရောက် လာခြင်းနှင့်အတူ မနီး မဝေးတွင်ရှိသော မီးခိုးတလူလူဖြင့် ပထမဆုံးသော စက်ရုံကြီးများက ကျေးလက်မှ ရွှေ့လျားလာတော့မည့် ပထမဆုံးသော ညိုညိုညစ်ညစ် စက်ရုံ လုပ်သားထုကို ကြိုလင့်နေကြသည်။
မျက်မှောက်ခေတ်အထိ တည်တံ့နေတော့မည့် ဤ ခေတ်ပေါ် ကျောင်းတို့ကို မတည်ထောင်မီကတည်းကလည်း လူတို့ သင်ယူ လေ့လာခဲ့ကြဖူးပါ၏။ အသိဥာဏ် မြင့်မားသည့် အတွက် အရုပ်စာလုံးကို တီထွင်မှုများ၊ ခြေသလုံးအိမ်တိုင် လှည့်လည် နေထိုင်ခြင်းများမှ အခြေတကျ စုဖွဲ့နေတတ်လာမှုများ၊ မျိုးဆက်များ ရှင်သန်ရေးအတွက် လက်ဆင့်ကမ်း ပုံပြင်များ၊ ရိုးရာများ၊ ထို့နောက်တွင်မှ ပွဲကျောင်းများ စသည်ဖြင့်တော့လည်း ပညာကို ရှာမှီးခဲ့ကြဖူး သည်သာ။ မျက်မှောက်ခေတ်ပေါ် ကျောင်းသမိုင်းဟုဆိုနိုင်မည့် လွန်ခဲ့သော အနှစ် ၄၀၀ ကျော် ၁၆ ရာစုခေတ်ကစလို့ ဘာသာရေးယုံကြည်ချက်များနှင့် ပဒေသရာဇ် နိုင်ငံရေးသစ္စာရှိမှုတို့အတွက် ပုဏ္ဏားတော်များက ကျောင်းထောင် လေ့ကျင့်ခဲ့သည်ဟု ဆိုရပါမည်။ ဤတွင် လူ့အဖွဲ့အစည်း ငယ်လေးဖြစ်သည့် ကျောင်း၊ ကျောင်းသားထုနှင့် တည်ထောင်သူတို့၏ ၀ိရောဓိများ စတင်လာပါတော့သည်။ နှစ် ၁၀၀ ကျော် လွန်ပြီးသော် ၁၇ ရာစု ကျောင်းသားက ဆန့်ကျင်ဘက် အမြင်တို့ကို ဖော်ထုတ်လာတော့သည်။ အမြင်တို့သည် တူရူချက် လွဲခဲ့ကြသည်သာ။ ဤသည်က စတင်ခဲ့သည့် ပဋိပက္ခမှာ ၂၁ ရာစု စာသင်ခန်းများ အထိ ဂယက်ရိုက်နေဆဲ။ ထုနှင့်ထည်နှင့် ခိုင်မြဲနေမှုကို ရွေ့စေချင်ကြသူတို့၏ သေးငယ်သော အင်အားများ စုစည်းခဲ့မှုမှာလည်း သမိုင်းမှတ်တိုင်များပင်။ ၇၄၊ ၈၈နှင့် ၉၆ တို့က အနီးခေတ် သက်သေများ မဟုတ်ပါလား။
ပထမဆုံးသော ခေတ်ပေါ်ကျောင်း၏ ကနဦး ရည်ရွယ်ချက်များထဲတွင် ထိုပထမဆုံးသော စက်ရုံကြီးများအတွက် ကျွမ်းကျင်သော ကာယ၊ ဥာဏ လုပ်သားထုကို မွေးထုတ်ပေးရန်ဟူ၏။ ပွဲကျောင်းများ၊ ဘာသာရေးအခြေခံ ကျောင်းများနှင့် ဂမ္ဘီရဆန်သော ပဉ္စလက် အတတ်ပညာကျောင်းများဖြင့် ရာစုနှစ် အတော်ကြာ လွမ်းမိုးနေခဲ့သည့် မှုန်ရီဝိုးတ၀ါး အလယ်ခေတ် ပညာရေး ယဉ်ကျေးမှုမှ ဥာဏ်အလင်း လမ်းခွဲမိုင်တိုင်ဟုလည်း ဆိုနိုင်ပါသည်။ ပဒေသရာဇ်တို့၏ သြဇာအရှိန်အ၀ါများ၊ ဘူဇွာတို့၏ အခွင့်အာဏာများကို စိန်ခေါ်မှုများ နိဒါန်းလည်း ဖြစ်ခဲ့ပါသည်။ တစ်ဖက်တွင်လည်း ၁၉ရာစု၊ အသိဥာဏ်ပညာ ဆန်းသစ်သော ရီနေဆန်းခေတ်ပေါ် လစ်ဘရယ် ဒီမိုကရေစီ လွန်းပျံယာဉ်များက ဤမှတ်တိုင်သို့ ၀င်ရောက်လာနေလေပြီ။ ကျောင်းရည်ရွယ်ချက် အရွေ့ဟု ဆိုရပါမည်။
ပညာရေးအရွေ့တွင် မြန်မာတို့လည်း ကြိုးကုတ်ခဲ့ကြပါသည်။ ကျွန်တော်တို့တွင်လည်း စံကျောင်း ဆရာတော်နှင့် မင်းတုန်းမင်း အလောင်းအလျာ ဘုန်းကြီးကျောင်းသား မောင်လွင်တို့က မြန်မာ့ပညာရေးတွင် ကြိမ်လုံးကို (စံလွဲစွာ) နေရာပေးခဲ့ခြင်းမှာ ဝေဖန်စရာ၊ စောကြောစရာ များစွာ ရှိနေသော်ငြားလည်း မြန်မာ့ပညာရေး ရီနေးဆန်းဟု ခေါ်ရပါမည်။ မြန်မာကျောင်းဆရာတို့ အခွင့်အာဏာ ပိုမို ရလာခဲ့ပါလိမ့်မည်။ ကျွန်တော်တို့ မြန်မာ့ပညာရေးသမိုင်း၏ အရွေ့တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ခဲ့ပါလိမ့်မည်။ အသေအချာ မရွေ့နိုင်ခဲ့ခြင်းကြောင့် ငါးခြောက်ပြားကိုကား ခိုးစားနေရဆဲပင်။ စစ်ကြီး ၂ ခု နောက်ပိုင်းကာလများတွင် အခြားသော မြန်မာ့ပညာရေး အရွေ့များလည်း ရှားရှားပါးပါး ရှိနေနိုင်ပါသေးသည်။
နာမည်ပညတ် လွဲမှားခြင်းကြောင့်များလော မပြောတတ်ပါ။ ၅၀ ပြည့်လွန်နှစ်များက “ပြည်တော်သာ စီမံကိန်း” မှာ အဆုံးသတ် မကောင်းခဲ့။ “ဘ၀သစ်ဖန်တီးမှု ပညာရေးစီမံကိန်း” ကို ၁၉၅၂ ခုနှစ်တွင် အိပ်မက်များအပြည့်၊ ယုံကြည်ချက်များ အပြည့်အဖြစ်ဖြင့် လွတ်လပ်စ မြန်မာတို့ အားကိုးမျှော်လင့် ခဲ့ကြဖူးသည်။ တည်ဆောက်ခဲ့ကြဖူးသည်။ ကျွန်တော်တို့ ၇၀၊ ၈၀ မျိုးဆက်များအတွက် ပြင်ဆင်ခဲ့ကြပါလိမ့်မည်။ အာရှတွင် ရှေ့ပြေးနေခဲ့ကြဖူးသော ကျွန်တော်တို့၏ အဖိုးအဖွားတို့ အပြည့်အ၀ ဂုဏ်မယူနိုင်ခဲ့ကြပါ။ ရွှေရောင်အိပ်မက်များနှင့် ကြွေးကြော်သံများ မဆုံးခင်မှာပင် အမှောင်တိုက်သို့ ကျဆင်းခဲ့ပြန်သည်။ ယခုတဖန် အလင်းခေတ်ဦးသို့ ရောက်လုပြီဟု ဆိုကြပါသည်။ ရောင်နီပျို့ပျို့တွင် နိုင်ငံတော်ကို ကျောင်းတက်စေသင့်ပါသည်။ နောက်မျိုးဆက်တို့အတွက် ကျွန်တော်တို့ ကြိုးစားခွင့်ပင် မဟုတ်ပါလား။
ကျောင်း၏ အရွေ့များတွင် အမျိုးသားအဆင့် ဂုဏ်ယူမှုများ ရှိနေသည်ကို အံအားသင့်စွာ၊ မုဒိတာပွားဖွယ်ရာ၊ အတုယူစရာ တွေ့မြင်ရတော့သည်။ မျိုးဆက်များအတွက် ခင်းခဲ့သော ပညာလမ်းကြောင်းတို့ ထင်းထင်းကြီး ပေါ်လွင်နေသော လူ့အဖွဲ့အစည်း များမှာတော့ ကျောင်းမှာ လှသောယဉ်ကျေးမှု အမွေအနှစ်အဖြစ် တည်ရှိနေပါလေသည်။
သူတို့ကျောင်း၏ သမိုင်းနှင့် ကျောင်းကို ဖန်တီး တည်ထောင်နိုင်ခဲ့မှုအပေါ် အမေရိကန်ပညာရေးက လွန်စွာ ဂုဏ်ယူလျက်ရှိသည်။ကျောင်းသမိုင်းကို ၀ိသေသထူးများဖြင့် ပုံဖေါ်ထားရှိ၏။ “အမေရိကန်၏ မြင့်မြတ်သော အတွေ့အကြုံ”  ဟု တင်စားသည်။ “နိုင်ငံသားအားလုံး ကျောင်းတက်နိုင်ခဲ့ခြင်း” ဟုကြွေးကြော်သည်။ “ကျွန်ုပ်တို့ ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်”  ဟူ၍လည်း ကျောင်းသမိုင်းကို နေရာ ပေးထားသည်။ မနေ့က လူထုပညာရေး စနစ်မှာမူ ၂၁ ရာစု အ၀င်မှာပင် အကြိမ်ကြိမ် အသွင် သစ်ခဲ့ပြီလည်း ဖြစ်သည်။ ယနေ့ခေတ် မိမိတို့ တိုင်းပြည်ကို ရှုမြင်ကြမှုနှင့် အနာဂတ်ရပ်ရွာအတွက် ပုံဖေါ် တည်ဆောက်မှု အပေါ်တွင် အခြေခံထားပြီး ပြောင်းလဲ အသွင်သစ်ကြခြင်း ဖြစ်လေရာ များစွာ အတုယူဖွယ်ဖြစ်ပါ၏။ သူတို့ ရွေ့နိုင်ခဲ့ကြပါသည်။
ပြင်သစ်တွေးခေါ် ပညာရှင် ဂျိန်းဂျက်ရူးဆိုးကလည်း လစ်ဘရယ်ပညာရေးကို ပုံဖေါ်ပြခဲ့သည်။ သူက ယခုလို ဆိုခဲ့ဖူးသည်။ “အမ်မလီ Emile ဟာ မိမိကိုယ်ကို ယုံကြည်အောင်၊ သူ့ဘ၀ သူ ကြောင်းနိုင်အောင်၊ အမှီသဟဲ ကင်းကင်းနဲ့ ကိုယ့်ဘာသာ ကိုယ့်အား ကိုယ်ကိုးလို့ ရပ်တည်နိုင်အောင် လုပ်ပေးရလိမ့်မယ်။ အဲဒီအခါမှ ကိုယ့်ကိုယ်ကို လေးစားသမှုအတွက် သင့်တင့်တဲ့ အသိအမြင် တစ်ခုရလိမ့်မယ်။” ပုဂ္ဂလဆန္ဒပြည့်ဝမှုအတွက် သက်မွေးဝမ်းကျောင်းနိုင်စေဖို့ ရည်ရွယ်ခဲ့ပါ လိမ့်မည်။ ပြင်သစ်ကြီးရူးဆိုး တွန်းရွေ့လိုက်သည့် လစ်ဘရယ် ပညာရေး အရှိန်မှာ အနှစ် ၂၀၀ ကျော်ခဲ့လေပြီ။ ကမ္ဘာကြီးက တုန်ခါ ကျန်ရစ်ဆဲ။ ကျွန်တော်တို့ဆီသို့ ရောက်တော့မည်ဟု ထင်ပါသည်။
နှစ်ပေါင်း ၂၀၀ ခန့် ခေတ်ပေါ် စာသင်ကျောင်း ခရီးရှည်တွင် ကျနော်တို့လည်း ပါဝင် ချီတက်ခဲ့ကြ၊ ချီတက်နေဆဲ။မနေ့ကနှင့် တစ်ပုံစံတည်း ရှိနေဆဲ။ သို့သော် မီးရထားများကို ရေနွေးငွေ့ဖြင့် မမောင်းနှင်ကြတော့ပါ။ သဘာဝ ပျက်စီးမှုကို ပိုမို သိနားလည်လာကြပြီ ဖြစ်သည့် နည်းပညာခေတ် စက်ရုံတို့တွင် မီးခိုးများလည်း မလူကြတော့ပါ။ ဆင်တူ ၀တ်စုံများဖြင့် လုပ်သားထုလည်း မညိုညစ်ကြတော့ပါ။ သို့ရာတွင် မြန်မာ့ပညာရေးမှာမူကား…။
သိန်းနိုင်
၁၅ ဧပြီလ ၂၀၁၂၊

No comments: